Wednesday, September 5, 2007

ဗုဒ္ဓ (၁၂)

ဒီဥဒါန်းလုပ်ပြီးနောက် အပြန်အားဖြင့် ဆင်ခြင်ပြန်တယ်။ လွန်ကျူးမှု ခပ်သိမ်းရဲ့ အလားအလာ မကောင်းပုံ၊ မလိုလားအပ်ပုံနှင့် အနှစ်မဲ့ပုံတွေကို သိတဲ့သူဟာ သိတာကြောင့် မလွန်ကျူးဘူး။ မကျူးလို့ ဥာဉ်မကပ်၊ မကပ်လို့ ဥာဉ်နှင့်သိတဲ့ စိတ်တွေ ကိုယ်တွေမဖြစ်၊ မဖြစ်လို့ မျက်စိ၊ နားစတဲ့ အာရုံခံအင်္ဂါင်္တွေ မပေါ်၊ မပေါ်လို့ အာရုံတွေကို မတွေ့၊ မတွေ့လို့ မခံစားရ၊ မခံစားရလို့ ထပ်ကျူးလွန်ချင်တာ မဖြစ်၊ မဖြစ်လို့ ဒုက္ခမဖြစ် စတာတွေမဖြစ်ဘဲ ငြိမ်းချမ်းတယ်။ လူဟာ ကိုယ်၊ နှုတ်၊ နှလုံးလှုပ်ရှားမှု ကျူးလွန်ချက်ရဲ့ အလားအလာကောင်း မရှိပုံ၊ လိုလားစရာမရှိပုံနဲ့ အနှစ်သာရ ဆိတ်သုဉ်းနေပုံတွေကို သိတော့ မလွန်ကျူးတော့ဘူး။ မကျူးလွန်တော့ ဥာဉ်မကပ်တော့ပဲ ဒုက္ခအဖြစ် ငြိမ်းတာပဲ။

ဒီလိုဆင်ခြင်မိတော့လည်း ဥဒါန်းတစ်ခု နောက်ထပ်လုပ်မိပြန်တယ်။ ဒီဥဒါန်းကတော့...

ယဒါဟဝေ ပါတုဘ၀န္တိဓမ္မာ၊
အာတာပိတေနာ ဈာယတော ဗြဟ္မဏဿ၊
အထႆ ကခါၤ ၀ပၸယႏၲိသဗၺာ၊
ယေတာခယံ ပစၥယာနံ အေ၀ဒိ။

“ဈာန်ရအောင် အားထုတ်ထားတဲ့ ရဟန္တာဟာ
တရားတွေထင်လာတဲ့ တစ်ချိန်မှာ
အကြောင်းတရားတွေ ကုန်နေတာ သိတာကြောင့်

အဲဒီ ကုန်နေချက်တွေမှာလည်း “ဟိုလိုကြောင့်လား၊ ဒီလိုကြောင့်လား” ယုံမှားချက်တွေ ပျောက်ကုန်ကြတယ်”လို့ပဲ။

ဒီအချက်တွေကို အထပ်ထပ်တွဲစပ်ပြီး ဆင်ခြင်ပြန်တယ်။ လွန်ကျူးမှုရဲ့ အကျိုးယုတ်တာ မသိလို့ လွန်ကျူးတာ။ လွန်ကျူးမှုရဲ့ အကျိုးယုတ်တာသိတော့ မလွန်ကျူးဘူး။ လွန်ကျူးလို့ ဥာဉ်ကပ်တာ မလွန်ကျူးယင် ဥာဉ်မကပ်ဘူး။ ဥာဉ်ကပ်လို့ စိတ်လက်ပေါ်တာ ။ ဥာဉ်မကပ်ယင် စိတ်လက်မပေါ်ဘူး ။ စိတ်လက်ပေါ်လို့ မျက်စိ စတာတွေပေါက်လို့ အာရုံတွေကို တွေ့တာ၊ မပေါက်ယင် အာရုံတွေ မတွေ့ဘူး။ အာရုံတွေ တွေ့လို့ ခံစားမှုဖြစ်တာ ၊အာရုံတွေ မတွေ့ရင် ခံစားမှုတွေ မဖြစ်ဘူး ။ ခံစားမှုဖြစ်လို့ လွန်ကျူးလုပ်ချင် စတာတွေ ဖြစ်တာ ၊ ခံစားမှု မဖြစ်ရင် လွန်ကျူးလုပ်ချင်မှု စတာတွေ မဖြစ်ဘူး။ လွန်ကျူးချင်မှု စတာတွေဖြစ်လို့ သောကပရိဒေ၀ ဒုက္ခ ဒေါမနဿ ဥပါယာသတွေ ဖြစ်ပြီး ဒုက္ခတုံးကြီး ဖြစ်တာ။ လွန်ကျူးချင်မှုစတာတွေ မဖြစ်ယင် သောက အစရှိတာတွေ မဖြစ်ပဲ သဘောဓမ္မတွေပဲ ဖြစ်မှာလို့ပဲ။

ဒီလို ဆင်ခြင်မိပြီးတော့ နောက်တစ်ခါထပ်ပြီး ဥဒါန်းတစ်ခု လုပ်မိတယ်။ အဲဒါကတော့...

ယဒါဟဝေပါတု ဘ၀န္တိဓမ္မာ၊
အာတာပိနော ဈာယတောဗြဟ္မဏဿ ၊
ဝိဓူပယံ တိဋ္ဌတိ မာရသေနံ၊
သူရိယောဝ သြဘာသယ မန္တလိကံ္ခ။

“ဈာန်ရအောင် အားထုတ်ထားတဲ့ ရဟန္တာဟာ
တရားတွေထင်လာတဲ့ အချိန်မှာ
ကောင်းကင်တစ်ခုလုံး လင်းနေစေတဲ့ နေမင်းအလား
မာရ်စစ်သည်တွေရဲ့ အခိုးကင်းပြီး လင်းနေတယ်”လို့ပဲ။

ဗုဒ္ဓ (၁၁)

ရပြီးတဲ့ ဥတ္တရိ မနုဿဓမ္မကို အထပ်ထပ်ဆင်ခြင်

ဘုရားဟာလောကရဲ့ အမြတ်ဆုံးအရာကို သိပြီးနောက် ဒီတရားရဲ့ အကျိုးများကို အချိန်နဲ့ အမျှဖြန့်ကျက်ပွားများ နေတယ်။ လောကဟာ မိမိလွန်ကျူးမှုကို ကောင်းထင်တယ်။ ထင်လို့ လွန်ကျူးမှုလုပ်တယ်။ လုပ်လို့ လွန်ကျူးဥာဉ်ကပ်တယ်။ ဒီဥာဉ်ကြောင့် ဥာဉ်နဲ့ညီတဲ့ စိတ်အသစ် ကိုယ်အသစ် ဖြစ်တယ်။ ဒီအဖြစ်ကြောင့်ပဲ မျက်စိ၊ နားအစရှိတဲ့ အာရုံခံအင်္ဂါ ပေါက်တယ်။ ပေါက်လို့လွန်ကျူးမှုကို ကောင်းထင်ပြီး ထပ်လွန်ကျူးချင်တာ ဖြစ်တယ်။ လူ့လောကဟာ လွန်ကျူးမိတာ တစ်ခုခုကို ပြုမိရင် ဒီလွန်ကျူးမှု ၀ဲသြဃက လွှဲမထွက်နိုင်တော့ပါကလား။ လွန်ကျူးမှုကို အကောင်းထင် လွန်ကျူး ၊ လွန်ကျူးစရာဖြစ်ပြီး ခံစား၊ တခြားကို သူဘာမှ မသိမမြင်တော့ပါကလား၊ လွန်ကျူးမှုကိုယ်တိုင်က စိတ္တဇမှု ဖြစ်နေတော့ ဘယ်မှာ နုပျိုလန်းဆန်း သက်ဝင်မှု ဖြစ်တော့မလဲပေါ့။ လူဟာ ကိုယ့် ကိုယ်၊နှုတ် ၊နှလုံး တစ်ခုခုလှုပ်ရှားချက်ကို မှန်သလား၊ မှားသလားဆိုတာ သိနိုင်တဲ့အဖြစ် မရှိဖြစ်နေခဲ့တယ်။ သိတယ်ဆိုတာ ဆင်ခြင်မှ ဖြစ်တယ်။ ဆင်ခြင်တဲ့စိတ်က အစွဲဝင်နေပြီ ဆိုရင် အမှန်ကို မြင်တာထက် အစွဲကပြတာကို မြင်ရတော့မှာပေါ့။ လူဟာ ဒီလောက်လွဲလာပြီဆိုရင် ဒုက္ခအဖြစ်ဟာ ၀င်ရပြီပဲ။ အသက်မ၀င်တဲ့ အဖြစ်လည်း ရရပြီပေါ့။ ဒီတော့ ဒါတွေရဲ့အကြောင်းဟာ ရှင်းနေပြီ။ နတ်လိုလို၊ ဓါတ်လိုလို၊ နက္ခတ်လိုလို သံသယတွေဘာဖြစ်စရာ ရှိသေးတော့သလဲ။ ဒါကို ဘုရားရှင်က ဥဒါန်းလုပ်ထားတာ ရှိတယ်။

ဘုရားဖြစ်စ ဥဒါန်းများ
ယဒါဟဝေ ပါတုဘ၀န္တိဓမ္မာ
အာတာပီနော ဈာယတောဗြဟ္မဏဿ၊
အထဿကခါင်္ ၀ပ္ပယန္တိသဗ္ဗာ၊

ယတော ပဇာနာတိ သဟေတုဓမံ္မ။

“ဈာန်ရအောင် အားထုတ်ထားတဲ့ ရဟန္တာဟာ

တရားတွေထင်ရှားလာတဲ့ တစ်ချိန်မှာ

အကြောင်းကြောင့် ဖြစ်ပွားတာတွေ သိတာကြောင့်

အဲဒီဖြစ်ပွားချက်တွေမှာ ယုံမှားတွေ ပျောက်ကုန်ကြတယ်”
လို့ပဲ။

ဗုဒ္ဓ (၁၀)

သူရှာဖွေတဲ့ နိရောဓမျက်မှောက်ပြုပြီ

ကံကြောင့်ဖြစ်တာမဟုတဲ့ ခန္ဓာဟာ အစွဲခန္ဓာမဟုတ်တဲ့ အနုပါဒါနက္ခန္ဓာပဲ။ ဒီအနုပါဒါနက္ခန္ဓာဟာ အဲဒီခန္ဓာ ပိုင်ဆိုင်သူကို လန်းဆန်းတက်ကြွ ရှင်သန်နေစေတယ်။ လန်းဆန်းတက်ကြွ ရှင်သန်နေမှုဟာ လွတ်လပ်သူရဲ့ လက္ခဏာတစ်ချက်ပဲ။ သိဒ္ဓတ္ထဟာ လူ့လောကရဲ့ အမြတ်ဆုံးကို ရောက်တဲ့အသိဥာဏ်ပေါက်သူ ဖြစ်ခဲ့ပြီ။

အဲဒီအချိန်က သူ့အသက် ၃၅ နှစ်ပြည့်တဲ့ နေ့ပဲ။ အဲဒီအချိန်မှာ သူဟာ ဗုဒ္ဓအဖြစ် ၀န်ခံနိုင်သူဖြစ်သွားခဲ့တယ်။ ဘုရားဖြစ်တယ်ပေါ့။ ဘုရားဖြစ်စမှာပဲ ဥဒါန်းစကားတစ်ခု ဖြစ်ပေါ်ခဲ့တယ်။ စကားကတော့....

အနေက ဇာတိ သံသာရံ သန္ဓာဝိဿံ အနိဗ္ဗိသံ၊
ဂဟကာရံ ဂဝေသန္တော ဒုက္ခာ ဇာတိ ပုနပ္ပုနံ၊
ဂဟကာရက, ဒိဌောသိ ပုနဂေဟံ နကာဟသိ၊
သဗ္ဗာ တေ ဖာသုကာ ဘဂ္ဂါ ဂဟကူဋံဝိသင်္ခတံ၊
၀ိသခါၤရဂတံ စိတံၱ တဏွာနံ ခယမဇၩဂါ။

ဒုက္ခအဖြစ်တွေ အထပ်ထပ်ဖြစ်နေတဲ့ ဒုက္ခအိမ်ဆောက်သမားကို ရှာဖွေနေတဲ့ ငါဟာ ဒုက္ခအဖြစ်အများအပြားထဲမှာပဲ မပြတ်မပြတ် ပြေးသွားနေရတယ်။
အိမ်ဆောက်သမားကို အခုတွေ့ပြီ။ နောက်ထပ်အိမ်ဆောက်မခံတော့ဘူး။
အခြင်ယနယ် အားလုံးကို ဖျက်ပြီး အိမ်ခေါင် အဖြစ်မခံတော့ဘူး။
စိတ်ဟာ ကံအဖြစ်ရောက်တာ မရှိတော့ပဲ တဏှာကုန်ရာ ရောက်ခဲ့ပြီလို့ပဲ။

ဒါဟာ ဥဒါန်းလို့ ဆိုတဲ့အတိုင်း သူ့စိတ်မှာ ဖြစ်ပွားချက်ဟာ စိတ်မှာ မနေနိုင်တော့ပဲ နှုတ်အထက်ဆီ တက်လာတဲ့ စကားပေါ့။

ဗုဒ္ဓ (၉)

ပုဗ္ဗေနိဝါသာနုဿတိအဘိညာဉ်ပေါက်
ဒီဈာန်တရားတွေကို အထပ်ထပ်ပွားနေတဲ့ သိဒ္ဓတ္ထရဲ့ စိတ်ဓာတ်ဟာ အဘိဇ္ဈာ ဒေါမနဿနဲ့ စပ်တဲ့အပိုင်းမှာ အလွန်ချွန်မြ ထက်မြက်တယ်။ လက်ငင်းပြစ်မှားနေတဲ့ အဘိဇ္ဈာ ဒေါမနဿရဲ့ လက္ခဏာများကို သိရု့မျှမက အတိတ်ကဖြစ်ခဲ့ဖူးတဲ့ အဘိဇ္ဈာ ဒေါမနဿနဲ့ အဘိဇ္ဈာ ဒေါမနဿကို ကြောင်းရင်းခံပြီး ဖြစ်ပွားခဲ့တဲ့ ကံသင်္ခါရများရဲ့ လက္ခဏာများကိုပင် အလွယ်တကူ ထင်နိုင်တဲ့အဖြစ် ရှိနေခဲ့ပြီ။ နီးနီးအတိတ်သာမက အလွန်ဝေးလံလှတဲ့ ငယ်ရွယ်စဉ် အတိတ်အထိ အားလုံးကို လက်ဝါးပေါ်တင်ပြီး မြင်ရသလို ဖြစ်နိုင်ခဲ့ပြီ။ သိဒ္ဓတ္ထဟာ နီးဝေးမဟူ အတိတ်က ပြုလုပ်ခဲ့ချက်များကို ဖော်လာနိုင်တဲ့အခါ အတိတ်က နေခဲ့ဘူးတဲ့ ခန္ဓာလို့ ဆိုရတဲ့ ရုပ်အစု ဝေဒနာ သညာ ၊သခါင်္ရ ၀ိညာဉ်အစုတွေကို ပြန်လည်အောက်မေ့နိုင်သူ ဖြစ်လာတယ်။ သိဒ္ဓတ္ထဟာ ဒီလိုရှေးက နေခဲ့ဖူးတာတွေ ပြန်လည် အောက်မေ့နိုင်တဲ့ အသဥာဏ်ရတာအတွက် အားတက်ရွှင်လန်းမှုများ ဆထက် ထမ်းပိုးတိုးလို့ ဖြစ်ရတယ်။ သူရှာဖွေခဲ့တဲူ့အိုမင်းမစွမ်းဖြစ်မှု အစစတွေရဲ့ အကြောင်းရင်းကို ယထာဘူတာကျကျ သိစပြုလာတာ ကြောင့်ဖြစ်တယ်။

ဒိဗ္ဗစက္ခုအဘိညာဉ်ပေါက်
အစွဲအလန်းဆိုတဲ့အရာတွေဟာ လူမှာမရှိတာ မဟုတ်ပေမယ့် လူမှာရှိတဲ့ လူက မသိရတဲ့အရာတွေ ဖြစ်နေတာကို သိဒ္ဓတ္ထဖော်လာနိုင်ခဲ့ပြီ။ အတိတ်က နေခဲ့ဖူးတဲ့ ခန္ဓာတွေဟာ ဒီဖြစ်တည် တည်ဆောက်တဲ့ ခန္ဓာတွေနဲ့ ပုံတူတွေ ဖြစ်နေတယ်။ ပစ္စုပ္ပန်ခန္ဓာ တည်ဆောက်တာဟာ အတိတ်ခန္ဓာအစွဲနဲ့ တည်ဆောက်ထားတာပဲ။ ဒါပေမယ့် အတိတ်က နေခဲ့ဖူးတဲ့ ခန္ဓာဟာ ပစ္စုပ္ပန်ခန္ဓာတည်ဆောက်သူ စိတ်ထဲမှာ ပေါ်ပေါ်လွင်လွင် ထင်မနေတာ့ဘူးလို ဖြစ်နေတယ်။ ဒါကို သိဒ္ဓတ္ထ ကောင်းကောင်းမြင်သွားပြီ ။ အတိတ်က နေဖူးတဲ့ ခန္ဓာအပေါ်မှာ တက်စွန်းတဲ့အစွန်းဟာ အိုမင်းမစွမ်းတဲ့အဖြစ် နာဖျားမကျန်းတဲ့အဖြစ် အသက်မ၀င် မရှင်မသန်တဲ့ အဖြစ်ဆိုတဲ့ အို၊ နာ၊ သေ၊ အဖြစ်တွေဖြစ်တာပဲ။ သိဒ္ဓတ္ထဟာ လူတွေမှာ ဖြစ်ပွားနေတဲ့ အို၊ နာ၊ သေအဖြစ်တွေနဲ့ စပ်ပြီး လိပ်ပတ်လည်အောင် သိမြင်သူအဖြစ် အသိဥာဏ် ဖြစ်ပေါ်ခဲ့တယ်။ နတ်မျက်စိဆိုတာ ရသူပမာ အသိဖြစ်ပွားတော့တာပဲ။

အာသ၀က္ခယအဘိညာဉ်ပေါက်
ဒီတော့ သိဒ္ဓတ္ထဟာ ပစ္စုပ္ပန်မှာ ဖြစ်ပွားတဲ့ ခန္ဓာများအပ်ါမှာ အလားအလာ မကောင်းပုံ အစရှိတဲ့ လက္ခဏာတွေကို မြင်တာဆိုတော့ အနာဂတ်အတွက် အတိတ်ခန္ဓာအဖြစ် တည်ရှိရမယ့် ဒီပစ္စုပ္ပန်ခန္ဓာအပေါ်မှာ အတက်အစွန်း ကင်းသွားခဲ့တယ်။ ဒါကြောင့် အနာဂတ် ခန္ဓာဟာ အခု ပစ္စုပ္ပန်ခန္ဓာဆီက အစွဲယိုစီးမှုက ကင်းလွတ်တဲ့ ခန္ဓာပဲဖြစ်တော့တယ်။ ဒါကြောင့် အနာဂတ်ခန္ဓာဟာ ကံကြောင့်ဖြစ်တဲ့ ခန္ဓာပဲဆိုတဲ့ ဥပါဒါနက္ခန္ဓာ မဟုတ်တော့တာ ဖြစ်တယ်။

ဗုဒ္ဓ (၈)

မဇ္ဈိ မပဋိပါဒါရဲ့ လမ်းစတွေ့
သိဒ္ဓတ္ထရဲ့ စိတ်ဓါတ်တွေဟာ အထူးလန်းဆန်းနေတယ်။ အားအင်တွေလည်း အပြည့်ရှိလာတယ်။ ငါ့မှာကျင့်စရာ တရားမရှိဘူးဆိုတာ ဘယ်မှာ ဖြစ်နိုင်ပါ့မလဲ ။ ငါငယ်စဉ်က ငါ့ဖခင် လယ်ထွန်မင်္ဂလာလုပ်ရာ ငါ့ကိုခေါ်သွားတယ်လို့ ငါသိရတယ်။ ငါ့အထိန်းတွေဟာ ငါ့ကို သပြေပင်ရိပ်မှာ သိပ်ပြီး ဖခင်လယ်ထွန်ရာကို သွားငေးနေကြတာ ငါ့ကို မေ့နေကြတယ်။ သတိရလို့ ကြည့်တဲ့အခါမှာ ငါ့သိပ်တဲ့နေရာက သစ်ပင်ရိပ်က ခွာသွားပြီ ။ ဒီအဖြစ်မှာ ကြည်စင်စွာ ရှိတဲ့ ငါ့ကိုတွေ့ရပြီး ငါ့ဖခင်ကိုယ်တိုင် ငါ့ကို ချီးမွမ်း ထောမနာမှု လုပ်တယ်လို့ သိရတယ်။ လသားအရွယ်သာရှိသေးတဲ့ ငါ့ကို ဖခင်က ဘာကြောင့် ထောမနာ ၀န္ဒနာစကား ဆိုရသလဲ။ အငိုယို မဆိုးဆာတာကြောင့်ပဲ။ မဆိုးဆာတာဟာ အလိုမကြီးတာရဲ့ လက္ခဏာဖြစ်တယ်။ လသားအရွယ် ကလေးငယ်ကိုတောင် အလိုအမျက်မဲ့မှုဟာ ထောမနာဝန္ဒနာ ဖြစ်စေနိုင်တယ် ဆိုရင်လို့ သိဒ္ဓတ္ထက ဆက်တွေးတယ်။ ငါဟာ ပက်လက်သာ အိပ်တတ်သေးတဲ့ အရွယ်မဟုတ်ဘူး ။ ပြောတတ် ၊ဆိုတတ်၊ သွားတတ်၊ လာတတ်၊ စဉ်းစားတွေးတောမှုတွေ တောင်လုပ်တတ်သူပဲ ။ ငါက အလိုနဲ့ အမျက်ဖြစ်တဲ့ အဘိဇ္ဈာ နဲ့ ဒေါမနဿကို ခွာပြီးနေနိုင်ရင် အမှန်ပဲ အဖိုးများစွာ တန်စရာရှိတယ်။ ဒါကို ငါကျင့် ရမှာပဲ။ ဒါကို သိဒ္ဓတ္ထက ဆုံးဖြတ်လိုက်တယ်။

ဓမ္မာနုဓမ္မပဋိပတ်ကျင့်ပြီ
သိဒ္ဓတ္ထဟာ သူ့ကိုယ်ကာယ လှုပ်ရှားရများကို လှုပ်ရှားလုပ်ကိုင်တယ်။ အဲဒီ လှုပ်ရှားမှုတစ်ခုမှ အဟန့်အတား အချိုးအဖျက်မလုပ်ဘူး။ အဲဒီလို နေထိုင်မှုတိုင်းမှာ အဘိဇ္ဈာနဲ့ ဒေါမနဿများ ပါဝင်သလား သတိထားပြီး ပါဝင်တယ်ဆိုရင် သူ့ရဲ့ မကောင်းပုံကို ဆင်ခြင်ကာ သူ့ကို အပျောက်ဖျောက်ပစ်တယ်။ ထိုင်တာ ၊ထတာ၊ ရပ်တာ၊ သွားတာနဲ့ စားတာ ၊စွန့်တာ မကျန်အားလုံးမှာလည်း ဒီအတိုင်း လုပ်တယ်။ လေသွင်း ၊လေထုတ် ဖြစ်တဲ့အသက်ရှုတာ ရှိုက်တာမှာပင် ဒီအတိုင်း လုပ်တယ်။ တစုံတရာ ခံစားမှုဖြစ်တယ်ဆိုလည်း ဒီအတိုင်းပဲ လုပ်တယ်။ အကောင်းခံစားချက် အဆိုးခံစားချက် အစစခံစားချက်များ ဖြစ်ပွားစဉ်မှာလည်း အဘိဇ္ဈာ နဲ့ ဒေါမနဿကို ဖျောက်ဖျက်တယ်။ စိတ်ကူးစိတ်သန်း တွေကိုလည်း ဘာကိုမှ အချိုးအဖျက် အဟန့်အတား မလုပ်ဘူး။ ကျည်းကျည်းကျယ်ကျယ် ဘယ်စိတ်ကူးမဆိုတိုင်းမှာလည်း အဘိဇ္ဈာနဲ့ ဒေါမနဿကိုပဲ ဖျောက်တယ်။ သဘောတရားတရပ်ရပ်တိုင်းမှာလည်း ဒီလိုပဲ ဘယ်သဘောတရားကိုမှ အဟန့်အတား မလုပ်ဘူး။ အဲဒီ သဘောတရားတိုင်းမှာ ပါဝင်လာတဲ့ အဘိဇ္ဈာနဲ့ ဒေါမနဿကို သိအောင်လုပ်၊ အပြစ်မြင်ပြီး ပယ်ဖျောက်တာကို လုပ်တာပဲ။ သိဒ္ဓတ္ထဟာ ဒီလုပ်ရလို့ မပင်ပန်းရုံမျှမက ကိုယ်ရေကိုယ်သားပင် မျှတကြည်လင်လာတာ တွေဖြစ်ကြတယ်။ ဒီအဘိဇ္ဈာ ဒေါမနဿ သဘောတွေရဲ့ အဖြစ်ခံရသူများ အလားအလာ မကောင်းတဲ့ လက္ခဏာ၊ လိုလားစရာ မကောင်းတဲ့ လက္ခဏာ၊ အနှစ်သာရဆိတ်သုဉ်းနေတဲ့ လက္ခဏာ၊ ဒီလက္ခဏာ တွေကို ဈာန်ဝင်စားတဲ့အထိ အထပ်ထပ် ဆင်ခြင်မှုတွေ လုပ်နေတယ်။

လက္ခာဏူပနိဇ္ဈာနဈာန်ဝင်
အဘိဇ္ဈာ သို့မဟုတ် ဒေါမနဿ သို့မဟုတ် အဘိဇ္ဈာ ဒေါမနဿတို့ကြောင့်ဖြစ်တဲ့ ကိုယ်၊ နှုတ်၊ နှလုံး အမှုတစ်ခုခု ဒါတွေပေါ်မှာ မှတ်သားစရာအဖြစ် ဖြစ်ရတဲ့ အလားအလာ မကောင်းပုံ သို့မဟုတ် လိုလားစရာ မကောင်းပုံ သို့မဟုတ် အနှစ်သာရ ဆိတ်သုဉ်းပုံ အာရုံ့များမှာ သူ့စိတ်ကို တင်ပေးတယ်။ သုံးသပ်တယ်။ ဒီအသိအမြင်ပေါ်မှာ နှစ်သက်တယ်။ ချမ်းသာတယ်။ အဲဒါတွေမှာပဲ စိတ်ဟာ စုနေတယ်။ သိဒ္ဓတ္ထဟာ ဒါတွေကို အစအဆုံး အထပ်ထပ် ၀င်စားတယ်။ ကြိမ်ဖန်များလာတဲ့အခါ ဒါတွေကို သုံးသပ်ဖို့ပင် မလိုတော့ပဲ နှစ်သိမ့်ချမ်းမြေ့ စူးစိုက်နေတာကို ၀င်စားတယ်။ ဒါကိုဝင်စားဖန်များလာတဲ့ အခါ နှစ်သိမ့်မှုပင် မပါတော့ပဲ ချမ်းမြေ့ စူးစိုက်မှုကိုပဲ ၀င်စားလာတယ်။ နောက်ဆုံး၌ ချမ်းမြေ့ မှုကိုပင် ခွာထုတ်ပြီး ပြည့်ဝစူးစိုက်မှုကိုပဲ ၀င်စားနေတော့တယ်။

ပုဗ္ဗေနိဝါသာနုဿတိအဘိညာဉ်ပေါက်
ဒီဈာန်တရားတွေကို အထပ်ထပ်ပွားနေတဲ့ သိဒ္ဓတ္ထရဲ့ စိတ်ဓာတ်ဟာ အဘိဇ္ဈာ ဒေါမနဿနဲ့ စပ်တဲ့အပိုင်းမှာ အလွန်ချွန်မြ ထက်မြက်တယ်။ လက်ငင်းပြစ်မှားနေတဲ့ အဘိဇ္ဈာ ဒေါမနဿရဲ့ လက္ခဏာများကို သိရု့မျှမက အတိတ်ကဖြစ်ခဲ့ဖူးတဲ့ အဘိဇ္ဈာ ဒေါမနဿနဲ့ အဘိဇ္ဈာ ဒေါမနဿကို ကြောင်းရင်းခံပြီး ဖြစ်ပွားခဲ့တဲ့ ကံသင်္ခါရများရဲ့ လက္ခဏာများကိုပင် အလွယ်တကူ ထင်နိုင်တဲ့အဖြစ် ရှိနေခဲ့ပြီ။ နီးနီးအတိတ်သာမက အလွန်ဝေးလံလှတဲ့ ငယ်ရွယ်စဉ် အတိတ်အထိ အားလုံးကို လက်ဝါးပေါ်တင်ပြီး မြင်ရသလို ဖြစ်နိုင်ခဲ့ပြီ။ သိဒ္ဓတ္ထဟာ နီးဝေးမဟူ အတိတ်က ပြုလုပ်ခဲ့ချက်များကို ဖော်လာနိုင်တဲ့အခါ အတိတ်က နေခဲ့ဘူးတဲ့ ခန္ဓာလို့ ဆိုရတဲ့ ရုပ်အစု ဝေဒနာ သညာ ၊သခါင်္ရ ၀ိညာဉ်အစုတွေကို ပြန်လည်အောက်မေ့နိုင်သူ ဖြစ်လာတယ်။ သိဒ္ဓတ္ထဟာ ဒီလိုရှေးက နေခဲ့ဖူးတာတွေ ပြန်လည် အောက်မေ့နိုင်တဲ့ အသဥာဏ်ရတာအတွက် အားတက်ရွှင်လန်းမှုများ ဆထက် ထမ်းပိုးတိုးလို့ ဖြစ်ရတယ်။ သူရှာဖွေခဲ့တဲူ့အိုမင်းမစွမ်းဖြစ်မှု အစစတွေရဲ့ အကြောင်းရင်းကို ယထာဘူတာကျကျ သိစပြုလာတာ ကြောင့်ဖြစ်တယ်။

ဒိဗ္ဗစက္ခုအဘိညာဉ်ပေါက်
အစွဲအလန်းဆိုတဲ့အရာတွေဟာ လူမှာမရှိတာ မဟုတ်ပေမယ့် လူမှာရှိတဲ့ လူက မသိရတဲ့အရာတွေ ဖြစ်နေတာကို သိဒ္ဓတ္ထဖော်လာနိုင်ခဲ့ပြီ။ အတိတ်က နေခဲ့ဖူးတဲ့ ခန္ဓာတွေဟာ ဒီဖြစ်တည် တည်ဆောက်တဲ့ ခန္ဓာတွေနဲ့ ပုံတူတွေ ဖြစ်နေတယ်။ ပစ္စုပ္ပန်ခန္ဓာ တည်ဆောက်တာဟာ အတိတ်ခန္ဓာအစွဲနဲ့ တည်ဆောက်ထားတာပဲ။ ဒါပေမယ့် အတိတ်က နေခဲ့ဖူးတဲ့ ခန္ဓာဟာ ပစ္စုပ္ပန်ခန္ဓာတည်ဆောက်သူ စိတ်ထဲမှာ ပေါ်ပေါ်လွင်လွင် ထင်မနေတာ့ဘူးလို ဖြစ်နေတယ်။ ဒါကို သိဒ္ဓတ္ထ ကောင်းကောင်းမြင်သွားပြီ ။ အတိတ်က နေဖူးတဲ့ ခန္ဓာအပေါ်မှာ တက်စွန်းတဲ့အစွန်းဟာ အိုမင်းမစွမ်းတဲ့အဖြစ် နာဖျားမကျန်းတဲ့အဖြစ် အသက်မ၀င် မရှင်မသန်တဲ့ အဖြစ်ဆိုတဲ့ အို၊ နာ၊ သေ၊ အဖြစ်တွေဖြစ်တာပဲ။ သိဒ္ဓတ္ထဟာ လူတွေမှာ ဖြစ်ပွားနေတဲ့ အို၊ နာ၊ သေအဖြစ်တွေနဲ့ စပ်ပြီး လိပ်ပတ်လည်အောင် သိမြင်သူအဖြစ် အသိဥာဏ် ဖြစ်ပေါ်ခဲ့တယ်။ နတ်မျက်စိဆိုတာ ရသူပမာ အသိဖြစ်ပွားတော့တာပဲ။

ဗုဒ္ဓ (ရ)

သိဒ္ဓတ္ထကို ပဉ္စ၀ဂ်တို့စွန့်ခွာပြီ
သိဒ္ဓတ္ထက ငြင်းပါတယ်။ ဒီလိုဆိုရင် သင်လွတ်မြောက်တဲ့အခါ သူ့ကိုလည်းပြောပေးပါလို့ ဘုရင်က တောင်းဆိုလိုက်တယ်။ သိဒ္ဓတ္ထဟာ အသားအရေ ဖြိုးပြည့်ပြီး အရောင်အဆင်းလည်း ၀င်းဝါလာပါတယ်။ ပဉ္စ၀ဂ်တွေက ဒို့အယူအဆ အမှန်ဖြစ်ပြီ။ ဒီလိုသူ့ကို ပြုစုနေလို့ ဒို့ဘာမှ ရမှာမဟုတ်ဘူး။ ဒီကသွားကြမယ်ဆိုပြီး မိဂဒါဘက်ထွက်သွားကြတယ်။

သိဒ္ဓတ္ထ နတ်ထမင်းစား
သိဒ္ဓတ္ထလည်း ဆိတ်ကျောင်းညောင်ပင်အောက်မှာ တစ်ယောက်တည်း နေလိုက်တယ်။ မိုးသောက်ယံ ဝေလီဝေလင်းမှာ ညောင်ပင်ကို လာရောက်ပူဇော်သူ အမျိုးသမီးတစ်ဦး လှူဒါန်းသွားတဲ့ ဆွမ်းကိုစားရတယ်။ အမျိုးသမီးက ညောင်ပင်စောင့်နတ်အဖြစ် လှူသွားဟန်ရှိတယ်။ တောထဲရောက်မှ မစားရဘူးအောင် ကောင်းမွန်တဲ့ နတ်ဆွမ်းပဲ။ ဒီဆွမ်းစားရတာဟာ စိတ်လက်ကြည်ရွှင် လန်းဆန်းမှုတွေ ပိုဖြစ်ရတယ်။

ဆွမ်းစားပြီး နေရဉ္စရာမြစ်ကလေးဘေးက ခွာလာခဲ့တော့ မြက်ရိတ်သမား တစ်ဦးစီက မြက်ဆုပ်အချို့ကို အလှူခံလာခဲ့တယ်။ ဗောဓိ ညောင်ပင်အောက်သွားပြီး မြက်ပင်တွေနဲ့ နေရာကလေးလုပ်ပြီး တရားရှာ မဆုံးသမျှ ဒီက မရွှေ့တော့ဘူးလို့ ဆုံးဖြတ်ခဲ့တယ်။ သိဒ္ဓတ္ထဟာ ဒီလိုဆုံးဖြတ်ပေမယ့် တရားဟာ ဘာလဲဆိုတာ မသိပါဘူး။ သိအောင် ဘယ်လို ရှာရမယ်ဆိုတာတောင် မသိဖြစ်နေရတယ်။ တရားတွေ ရှာလာခဲ့တာလည်း ကုန်ပြီ။ အဲဒီ တရားတွေကလည်း သူ့ဆန္ဒကို နည်းနည်းမှ မဖြည့်နိုင်ကြ။ ဒီတရားတွေအတွက် ပေးခဲ့ရတာက တိုင်းပြည်နဲ့ ထီးနန်း။ အခု သူရနေတာက သစ်ပင်အောက်က မြက်ခင်းပေါ်မှာ။ ဒါတွေ သူ့အတွေးအစဉ်မှာ မ၀င်အောင် မတတ်နိုင် ဖြစ်လာတယ်။ နိဂုံးချုပ်တော့ သူ ဘယ်သွားနေတာလဲ၊ သူ ဘာကို ရနေတာလဲ။ ဒါအတွက် အဖြေတွေက ရင်မအေးစရာတွေပဲ။ သိဒ္ဓတ္ထစိတ်တွေ လှုပ်လှက်ခတ်နေတယ်။

သိဒ္ဓတ္ထစိတ်ဓါတ်ကျ
လူ့လောကရဲ့ စနစ်အသစ်တည်ဆောက်ဖို့မှာ သူဟာ လူ့လောကရဲ့ အပြင်ဘက်က ညောင်ပင်အောက် မြက်ပင်ပေါ်မှာ နေရတဲ့အဖြစ် ရောက်ပြီလား။ ဒါမှမဟုတ် တိုင်းပြည်နဲ့ ထီးနန်းလက်ရှိဖြစ်ရင် ဒီထက် ကောင်းမွန်တဲ့ စနစ် ဖန်တီးနိုင်မလား။ ဒီလိုလည်း မဟုတ်သေးဘူး။ မဟုတ်သေးဘူး ဆိုရင် မဟုတ်ပုံကို ဘာနဲ့ ပြမလဲ။ လှေပြိုင်ပွဲမှာ ကိုယ့်ဘက်ကိုယုံပြီး ခုန်ဆင်းလောင်းလိုက်တာ ကိုယ့်ဘက်က ရှုံးတော့ ခုန်ဆင်ပြီးပေးရလို့ ကိုယ်ပိုင်ဘာမှ မရှိသူထက် ဆိုးတဲ့အဖြစ်မျိုး ကြုံနေရတာကို သိဒ္ဓတ္ထ ခံစားနေရတယ်။ သိဒ္ဓတ္ထမြင်ကွင်းမှာ မြင်နေရတာတွေက ဖိလိုက်စီးလိုက် နှိပ်စက်လိုက်တော့မှာလိုလို ကြားရတဲ့ အသံတွေကလည်း မြင်ရတာနဲ့ တစ်ထပ်ထဲပဲ။ ဒါတွေဟာ ငါ့မှာ ဘာတွေ ဖြစ်နေတာလဲ။ ငါဟာ သူတို့ရဲ့ ၀ိုင်းဝန်းဖျက်ဆီးတာ ခံရတော့မှာလား။

ဟိနမာန်ကို အောင်မြင်
ဒီလိုခံရအောင် ငါက မမှန်ဘူးလား။ ငါလုပ်သမျှတွေဟာ ဒီမဟာပထ၀ီ မြေကြီးပေါ်မှာချည်း ဖြစ်တယ်။ ဒီမြေကြီးဟာ ငါ့ရဲ့ တည်ရာပဲ။ ဒီမြေကြီး တည်ငြိမ်သမျှ ငါ့ရဲ့ ရည်မှန်းချက် ပဏိဓိဟာ မပျောက်မပျက် တည်ငြိမ်တယ်။ မြေကြီးထင်ရှားသလို ငါ့ပဏိဓိဟာ ထင်ရှားတယ်။ ငါဟာ ပဏိဓိ မရှိသူ မဟုတ်ဘူး။ သိဒ္ဓတ္ထဟာ စောက်ထိုးကျသွားတဲ့ စိတ်ဓါတ်ကို ကောင်းကောင်း ပြန်ဆည်နိုင်ခဲ့တယ်။

Monday, September 3, 2007

ဗုဒ္ဓ (၆)

အရူပကလွန်ဖို့ဆင်ခြင်
လူမှာတကယ်ရှိနေတာက ကိုယ်ရယ်၊ စိတ်ရယ်ပဲ။ ဒါကို လူတွေ အသိအမှတ်ပြုနေရတယ်။ ဒါဟာ လောကရဲ့ အသိပဲ။ လောကအတွက် ကောင်းမွန်မှန်ကန်တဲ့ စနစ်တစ်ခု ထူထောင်ချင်တဲ့ သူက အဲဒီလောကရဲ့အသိတွေကို လွန်သွားလို့မဖြစ်ဘူး။ လွန်သွားရင် လောကမဟုတ်ဘဲ ဖြစ်သွားမှာပဲ။ လောကမဟုတ်တာကို လောကက ဘယ်မှာ လက်လှမ်းမှီပါ့မလဲ။ အခုငါရှာနေတဲ့ တရားဟာ လောကရဲ့ အမြတ်ဆုံးတရား မဟုတ်ဘူး။ လောကက လွတ်တဲ့တရားပဲ ဖြစ်တယ်။ လောကက လွတ်တာဟာ လောကရဲ့ အမြတ်ဆုံး မဟုတ်လို့ပဲ။ လောကရဲ့ အမြတ်ဆုံးဆိုရင် လောကထဲမှာပဲ ရှိရမှာပဲ ။ လောကက လွတ်ရမှာ မဟုတ်ဘူးပဲ။ လောကက လွတ်သွားမှတော့ လောကရဲ့ အမြတ်ဆုံးဘယ်ဟုတ်တော့မလဲ။

ဒီတော့ ဒီတရားကို ငါစွန့်လွှတ်မယ်။ ဒီတရားဟာ လောကက လွတ်တဲ့တရားပဲ။ လောကကြီးကို လောကက လွတ်တဲ့ တရားပွားပေးဖို့ ဘာအဓိပ္ပါယ်ရှိမှာလဲ။ ကြိုးတပ်တူရိယာက ထွက်လာတဲ့ သာယာတဲ့ အသံဟာ ကြိုးလျော့လို့လည်း မဖြစ်၊ ကြိုးတင်းလို့လည်း မဖြစ်သိလိုပဲ။ ငါလည်းလူကိုလွန်တဲ့ ကိုယ်ပျောက်စိတ်ပျောက်တွေနဲ့ လူကလွတ်လပ်မှု ရှာတာကို ကျောခိုင်းတော့မယ်လို့ အဆုံးအဖြတ်ကျလာခဲ့တယ်။

အရူပစွန့်ပြီ
သိဒ္ဓတ္ထဟာ စားနိုင်သမျှ အစားအစာကလေးများကို အစပြု စားပြီး အားအင်မွေးမြူလာခဲ့တယ်။ သိဒ္ဓတ္ထကို အလုပ်အကျွေးပြုစုကြတဲ့ ပဉ္စ၀ဂ်တို့က ဒါကို အကဲခတ်မိလာကြတယ်။ သိဒ္ဓတ္ထဟာ ကမ္မဋ္ဌာန်း တွေကိုကျောခိုင်းနေပြီ လားလို့ပဲ။ သိဒ္ဓတ္ထကလည်း လမ်းကလေး ကောင်းကောင်း လျှောက်လာနိုင်တဲ့အခါ သေနဂျာရွာကြီးဘက်ကို ဆွမ်းခံထွက်လာခဲ့တယ်။ ပဉ္စ၀ဂ်တို့ဟာ ဒါကို မကြည်ကြဘူး ။ သိဒ္ဓတ္ထဟာ တရားကို လက်မြောက်သွားပြီလို့ပဲ။ ပဉ္စ၀ဂ်တို့ထင်မယ်ဆိုရင်လည်း ထင်စရာပဲ။ တစ်နေ့မှာ သိဒ္ဓတ္ထ ဆွမ်းခံဝင်နေတဲ့ နေရာကို အဲဒီတိုင်းပြည်ရဲ့ ဘုရင်ဖြစ်တဲ့ ဗိမ္မိသာရ ရောက်လာတယ်။ ဘုရင်ဟာ သိဒ္ဓတ္ထကို တွေ့တဲ့အခါ အရေးပါတဲ့ စကားတွေပြောနေတယ်။ ရဟန်းသင်ဘယ်ကလဲ သင့်အသက်က ငယ်လွန်းသေးတယ်။ ကြီးသူတွေလုပ်ငန်းကို ဘယ်ကြောင့် လုပ်သလဲ။ အခုမလုပ်သေးဘဲ သူ့မြို့လာနေပါလား။ တိုင်ပြည်တစ်ဝက်ကို အုပ်စိုးခွင့်ပေးမယ် အစစတွေပေါ့။

ဗုဒ္ဓ (၅)

အရူပဈာန်ပွား
သိဒ္ဓတ္ထဟာ အာရု့ရုပ်တွေရဲ့ ဒြပ်မဲ့အမြင်ကို တွေ့ရတာ အတွက် အားတက်နေမိတယ်။ လောကရဲ့ စစ်မှန်မှု အစကို သူတွေ့ပြီလို့ အားရနေမိတယ်။ အာရုံရုပ်တွေဟာ တကယ်ရှိနေတာ မဟုတ်ပဲ အဲဒီအာရုံ ရုပ်တွေနဲ့ ပုံစံတွေကသာ တကယ်ရှိနေတာ တွေဖြစ်တယ်။ ဒီတော့ အာရုံရုပ်တွေဟာ စိတ်က ဖန်ဆင်းလိုက်တဲ့ ပစ္စည်းတွေပေါ့ ။ မျက်လှည့်ရုပ်တွေဟာ မျက်လှည့်ဆရာက ဖန်ဆင်းထားတာတွေမဟုတ်လား။ ဒီတရားကို သိဒ္ဓတ္ထက ဆက်ပွားတယ်။ မကြာမတင်မှာပဲ ဒီတရားရဲ့ ဒုတိယအဆင့်၊ တတိယအဆင့်

အထိရောက်သွားခဲ့တယ်။ လောကကြီးဟာ တကယ်ရှိတာ မဟုတ်ပါလားလို့ သိဒ္ဓတ္ထ ဖြစ်နေခဲ့တယ်။ အာဠာရဆီမှာ လေ့လာစရာ ကုန်ခဲ့ပြီ။ သိဒ္ဓတ္ထဟာ ဒီထက် ရှေ့ကိုလည်း လေ့လာချင်နေတယ်။ ဒါကြောင့် ဒီက ထွက်ခွါလာခဲ့တယ်။ နောက်စခန်းဖြစ်တဲ့ ဥဒကဆီမှာ ဆက်လေ့လာခဲ့တယ်။ ဥဒကဟာ ဒီတရားရဲ့ အဆုံးကို သင်ကြားပေးပါတယ်။ ဘာမျှမရှိခြင်းကို သိနေရခြင်းက အမြတ်ဆုံးအဖြစ် ဆုံးဖြတ်ပါလားလို့ သိဒ္ဓတ္ထ သိနေခဲ့တယ်။ သိဒ္ဓတ္ထဟာ ဥဒကထံမှ လေ့လာစရာဆုံးတာနဲ့ ထွက်လာခဲ့ပြီး ကိုယ်တိုင်စခန်း တစ်ခုမှာနေပြီး ပွားများမှုတွေ လုပ်နေခဲ့တယ်။ သိဒ္ဓတ္ထစခန်းမှာ ရှင်ကောဏ္ဍညအစရှိတဲ့ ငါးဦးစု သူတော်စင်များ လာရောက်နေထိုင်ပြီး သိဒ္ဓတ္ထလုပ်ငန်းမှာ ပြီးမြောက်နိုင်ရေးအတွက် ဝေယျာဝစ္စများ လုပ်ဆောင်ပေးနေကြတယ်။

အရူပဈာန်ကြောင့် အစာဖြတ်
သိဒ္ဓတ္ထဟာ အစာစားသောက်မှုကို ဂရုမထားပဲ ဖြစ်လာတယ်။ သူနေတဲ့ သစ်ပင်က ကြွေကျတဲ့ သစ်သီးကိုပဲ စားတော့မယ်။ သူ့လက်တစ်ကမ်းအတွင်း ကြွေကျတဲ့ သစ်သီးလောက် စားရင် တော်ပြီ ။ သူ့ရင်ခွင်ထဲ သူ့ပါးစပ်ထဲကျတာမှနဲ့ လုပ်လာခဲ့ပြီ။ တစ်ခါတစ်ခါမှာ ဆီးသီးလောက်ပဲစားပြီး တစ်ခါတစ်ခါမှာ ပဲပိစပ်ပြုတ်ရေလောက်ပဲ သောက်စားတဲ့အထိ ရှိလာပြီ။ ဒီတော့ သိဒ္ဓတ္ထဟာ ကိုယ်ရေကိုယ်သား ခန်းခြောက်လာတယ်။ မျက်ကွင်းကလည်း ဟောက်ပက်နဲ့ပေါ့ ။ ဗိုက်ကလည်း ကျောကိုကပ်နေတယ်။ အသားရောင်ကလည်း နက်ခြောက်လို့ပဲ။ သိဒ္ဓတ္ထဟာ အငြိမ်းချမ်းဆုံးနဲ့ အမြတ်ဆုံးဆိုတာမှာပဲ သူ့စိတ်ကို ထားထားတယ်။ အဲဒီထဲက သူ့စိတ်ကို ဘယ်မ မသွားစေရဘူး။ သူ့စိတ်ဟာ ဒီလောက်သန့်စင်နေရင် လူ့လောကရဲ့ အမြတ်ဆုံး သဘာဝကို သိတဲ့ ဥာဏ်ပေါ်လာလိမ့်မယ်လို့ မျှော်လင့်ခဲ့တယ်။ ကျင့်နေတာကြာပြီဖြစ်ပေမယ့် ဒီဥာဏ်နဲ့တူတဲ့ အရိပ်အရောင်တောင် မတွေ့ပဲ ဖြစ်နေခဲ့တယ်။ သူဒီလိုနေရတာဟာ ငြိမ်းချမ်းပါတယ်။ ဒီလိုငြိမ်းချမ်းပေမယ့် သူ့အလိုဆန္ဒ မပြည့်မ၀ ဖြစ်နေခဲ့တယ်။ သူတရား ရှာဖွေနေတာ သူတစ်ယောက်ထဲ ဒီလိုငြိမ်းချမ်းနေဖို့ မဟုတ်ခဲ့ဘူး။ လူ့လောကကြီးရဲ့ အိုမင်းမစွမ်းနေတာက လွတ်လပ်ဖို့ ၊ လူ့လောကကြီးရဲ့ နာဖျားမကျန်းဖြစ်နေတာက လွတ်လပ်ဖို့၊ လူ့လောကကြီးရဲ့ အသက်မရှင်မသန် ဖြစ်နေတာက လွတ်လပ်ဖို့၊ ဒါတွေအတွက် လူ့လောကရဲ့ အမြတ်ဆုံး သဘောသဘာဝကို ရှာဖွေနေတာသာ ဖြစ်တယ်။

ဒါကိုသိတဲ့ အသိဥာဏ်ကလည်း နည်းနည်းမှ မလင်းမလက်ဖြစ်နေခဲ့တယ်။ အသိဥာဏ်သာ မထွက်တာ အသက်ကတော့ ဒီတရားမှာ စတေးရတော့မယ့် အနေမှာ ရှိနေပြီလို့ သိဒ္ဓတ္ထ သိလာတယ်။ တရားကတော့ အစွမ်းသတ္တိရှိတာ အမှန်ပဲ။ ကိုယ်နဲ့အတူ တစ်လောကလုံးတောင် ပျောက်တဲ့အထိရှိခဲ့ပြီ။ ဒါပေမယ့် ဒါတွေအတွက် သူလုပ်တာ မဟုတ်ဘူး။ လူ့လောကကြီး အို၊ နာ၊ သေ အဖြစ်တွေက လွတ်ဖို့ပဲ။ ဒီတရားမှာ အနေကြာတဲ့အခါ ဒီတရားကို အပြစ်မြင်လာတယ်။ တရားဟာ ငါရှာဖွေနေတာထက် လွန်လာပြီလား။ ငါရှာဖွေတာက လူတွေ အို၊ နာ၊ သေကလွတ်ဖို့။ ဒီတရားက လူတွေ လူအဖြစ်က လွတ်ဖို့ဖြစ်နေတယ်။ လူ့အဖြစ်က လွတ်တဲ့အသိကို ငါ ရှာဖွေတာ မဟုတ်ဘူး။ လူ့အဖြစ်မှပဲ လူတွေ ပျိုမြစ်လန်းဆန်း ရှင်သန်နေတဲ့ အဖြစ်ကို ငါရှာနေတာ ဖြစ်တယ်။ ဒါကြောင့် ဒါတွေကို ဆင်ခြင်လာရတယ်။

ဗုဒ္ဓ (၄)

ရူပဈာန်ပွား
ထင်ရှားတဲ့အာရုံတစ်ခုမှာပဲ စိတ်ကိုထားတဲ့လုပ်ငန်းကို သိဒ္ဓတ္ထလုပ်နေတယ်။ ဒိလုပ်ငန်းဟာ သိဒ္ဓတ္ထအတွက် အခက်အခဲတွေ ရှိနေတယ်။ ဒါကတော့ တခြားမဟုတ်ဘူး။ စိတ်ဟာ အဲဒီအာရုံတစ်ခုမှာ အထားခံရတဲ့ အခါ တခြားသဘာဝနဲ့ လုပ်ရတဲ့ လုပ်ငန်းတွေ အလုပ်ကောင်းကောင်းမလုပ်ကြတာပဲ။ အထူးသဖြင့် အသက်ရှုရတာ ထုတ်တာမှာ စိတ်ထားတဲ့အခါ ဖြစ်ပွားတာပဲ။ အသက်ရှုရှိုက်ဟာ သူ့သဘာဝနဲ့သူ လုပ်နေတဲ့အရာပဲ ။ အဲဒီမှာစိတ်ကို ထားလိုက်တဲ့အခါ စိတ်က အသက်ရှုရှိုက်ကို လုပ်စေတယ် ။ အဲဒီအခါမှာ အသက်ရှုရှိုက်ဟာ မှားတော့တာပဲ။ သဘာဝ လိုအပ်တဲ့ အထုတ်အသွင်းကို စိတ်ကမှ မသိတာပဲ။ လိုအပ်တဲ့ ပမာဏထက် အပိုအလိုတွေ ထုတ်လိုထုတ် သွင်းလိုသွင်း ဖြစ်နေတယ်။ ပြီးတော့ အသွင်းအထုတ်ကလည်း မညီဘူး။ သွင်းလေက တိုပြီး ထုတ်လေက ရှည်လိုရှည်နေတယ်။ အသွင်းရှည်ပြီး ထုတ်လေက တိုလိုတိုနေတယ်။ သွင်းလေက တိုပြီးထုတ်လေက ရှည်နေလျှင် လေသစ်ငတ်ပြီပေါ့ ။ သွင်းလေရှည်ပြီး ထုတ်လေတိုနေလျှင်တော့ လေညစ်ပတ်ဖြစ်ပြီ။ ဒီလိုဖြစ်လာတော့ သိဒ္ဓတ္ထဟာ ခံစားချက်တွေ ဖောက်ပြန်တာ ခံရတယ်။ ဓါးထက်ထက်နဲ့ ၀မ်းဗိုက်ကို ဖွင့်ဖောက်ခံရနေတာမျိုး ဆောက်ထက်ထက်နဲ့ ဦးခေါင်းကို ဖွင့်ပြီး မွှေနေတာမျိုး၊ ကြိုးနဲ့ အထပ်ထပ်ရစ်ပတ်ပြီး မီးပုံထဲ အထည့်ခံရတာမျိုး အလွန်ချွန်မြတဲ့အရာပေါ် ထိုင်နေရတာမျိုး အစစ အခံခက်တာတွေကို ခံစားရတယ်။ တခြားခံစားချက်တွေလည်း ခံစားရတယ်။ အစစပြီးပြည့်စုံစေတဲ့ အဖြစ်မျိုးမှ ကောင်းကင်မှာ ပျံနေရတာမျိုး ပြီးမြောက်အောင်မြင်မှု အဆုံးနား ရောက်နေတာမျိုး အားလုံးကို လုပ်ဆောင်နိုင်တယ်ဆိုတာမျိုး ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့် ဖြစ်နေတာမျိုးတွေပဲ ။

လေဟောင်းကျန်ရင် ဆိုးဝါးတဲ့ ခံစားချက်တွေဖြစ်ပြီး လေသစ်ငတ်ရင် ကောင်းမွန်တဲ့ ခံစားချက်တွေဖြစ်တာပဲ။ သိဒ္ဓတ္ထက ဒီခံစားချက်တွေက ကျော်လွန်အောင် တခက်တနက် ကြိုးစားနေခဲ့တယ်။ မတော်တဆ လေ၀င်လေထွက်ညီတဲ့အခါမှာ ခံစားချက်တွေ ပျောက်နေခဲ့တယ်။ အဲဒီအခါမှာ အသက်က မရှုတော့သလိုမျိုး အဖြစ်ခံရတယ်။ အသက်ရှုတာနဲ့ အသက်ရှုတာကိုသိတာ ဒီနှစ်ခုဟာ တစ်ထပ်တည်းကျသွားခဲ့ပြီ။ သိဒ္ဓတ္ထဟာ အသက်ရှုတာကို မသိတာပဲ။ အသက်ရှုတာကို သိတဲ့စိတ်ကိုသာ သိတဲ့အဖြစ် ရောက်နေပါပြီ။ ပြီးတော့ ဒီစိတ်ကလည်း ဘယ်မှမသွားပဲ အလွန်ကြည်လင်တဲ့ စိတ်ဖြစ်နေတာကိုလည်း သူတွေ့နေရတယ်။ သိဒ္ဓတ္ထဟာ သူနှင့်သူ့ပတ်ဝန်းကျင်ရှိ အရာအားလုံးကို အရမယူ နိုင်တဲ့ အဖြစ်ရောက်နေတယ်။ ဒီလိုဖြစ်နေအောင်လည်း သူ့စိတ်ကို တွေ့နေတာမှာရှိပြီး ဘာမှ စိတ်မကူးမိအောင် နေထိုင်တယ်မဟုတ်လား။ ဒါကြောင့် အရာခပ်သိမ်းဟာ သိဒ္ဓတ္ထအနေနဲ့ အဓိပ္ပာယ်ဖော်လို့မရတာချည်း ဖြစ်နေခဲ့တယ်။

ကြောက်စရာဆိုတာလည်း သူ့မှာမရှိ၊ မက်စရာဆိုတာလည်း၊ သူ့မှာ မရှိဖြစ်နေခဲ့တယ်။ သူ့စိတ်ကို ဆင်ခြင်နိုင်တဲ့အပြင်ပက တခြားအာရုံတခုခုဆိုတာ မရှိမဖြစ်နေခဲ့တယ်။ သိဒ္ဓတ္ထရဲ့ ဘ၀ဟာ ကာမတရားတွေရဲ့ အနှောက်အယှက်က ကင်းဝေးလွတ်မြောက် ငြိမ်းချမ်းနေခဲ့တယ်။ ဒီလိုတွေကာလ ကြာမြင့်စွာနေခဲ့တယ်။ ဒီလိုနေတဲ့အတွက် လူသာမာန်တွေထက် ထူးခြားတဲ့အဖြစ်တွေတော့ ဖြစ်လာတယ်။ အတိတ်က ဖြစ်ပြီးတာတွေလည်း သိတယ်။ အဝေးမှာ ဖြစ်နေတာတွေလည်း ဒီလိုပဲ သိတယ်။ သူများစိတ်ထဲ ရှိတာတွေလည်း သိတယ်။ အနာဂတ်မှာ ဖြစ်ပွားမှာတွေ သိချင်သိတယ်။

ဒါတွေဟာ အသိထူးတွေဆိုပြီး ရှာဖွေနေတဲ့ အတွက် လမ်းစကို စတွေ့ပြီလို့ ၀မ်းသာခဲ့တယ်။ ဒါပေမယ့် ဒါတွေဟာ ဒီထက်မတိုးတက်တာကို ကြာတဲ့အခါမှာ တွေ့ရတယ်။ ဒါတွေကို သိတဲ့အတွက် လူအိုစာ နေတဲ့အဖြစ်က ဘယ်လိုလွတ်လပ်မလဲ။ နာဖျားမကျန်းသလို လူ့အဖြစ်နဲ့ အသက်မ၀င် မရှင်မသန်တဲ့ လူ့အဖြစ်တွေက ဘယ်လို လွတ်လပ်မလဲ။ ဒီမေးခွန်းတွေပဲ မေးလာခဲ့တယ်။ ဒါအတွက် အဖြေဟာ မရှိမဖြစ်နေခဲ့တာ ခံရတယ်။ ပြီးတော့လည်း ဒီအသိတွေကို ဆန်းစစ်လာတယ်။ ဒါတွေဟာ အသဥာဏ်နဲ့ သိတာလား။ စိတ်နဲ့ သိတာလားလို့ပဲ။ ဒီအသိတွေကို အကြောင်းနဲ့ အကျိုးနဲ့ ဘယ်ပုံသိလာတယ်ဆိုတာ သိဒ္ဓတ္ထမသိ ဖြစ်နေခဲ့တယ်။ ဒီအသိဟာ သူ့ဟာသူ ပေါ်လာတဲ့အသိပဲ။ ဘယ်သူက ပြောသလိုလို ဘယ်မှ မြင်ရတာလိုလို အိမ်မက်နဲ့ထပ်တူ ဖြစ်နေတာကို တွေ့ရတယ်။ မြေလျှိုးမိုးပျံနှင့် အဝေးအလံလူကို သွားတွေ့တဲ့အခါပဲ တကယ့်လူက ဒီမှာပဲ ဖြစ်နေတာနဲ့ အဆုံးသတ်တာကိုတွေ့ရတယ်။ ဒါတွေအပေါ်မှာ သိဒ္ဓတ္ထဟာ အတွေးတွေဝင်လာတယ်။ ငါကမျက်လှည့်ဆရာကြီး၊ မျက်လှည့်ဆရာဟာ သူပြတာကို ကြည့်သူကသာ ပြတဲ့အတိုင်း မြင်ပေမယ့် ပြသူကိုယ်တိုင်ကတော့ သူများမြင်သလို မြင်တာမဟုတ်ဘူးလို့ပဲ။

သိဒ္ဓတ္ထဟာ ဒီအသိတွေကို အထပ်ထပ် စစ်ဆေးကြည့်ပြီးတဲ့အခါ သူရှာဖွေတာတွေ ဒါမဟုတ်ဘူးလို့ အဖြေထွက်ခဲ့တယ်။ ဒီအသိတွေဟာ စိတ်အသိတွေပဲဖြစ်တယ်။ စိတ်အသိဟာ ဘာမှအသုံးကျတာတွေ မဟုတ်ဘူး။ စိတ်ချွတ်ယွင်းနေတဲ့သူဆိုရင် ပြုပြင်ပေးနိုင်တဲ့အနေအထားတော့ ရှိတယ်။ လောကအိုစာနေတာ၊ နာမကျန်းဖြစ်နေတာ၊ အသက်မရှင်ဖြစ်နေတာတွေဟာ စိတ်ချို့ယွင်းတာကြောင့် မဟုတ်ကြဘူး။ စိတ်ချို့ယွင်းသူက သူများနဲ့ မတူဘဲ လွဲနေတာလောက်ပဲ ဖြစ်ကြတာ ။ ဒီလိုစံလွဲသူဟာ လောကမှာ မပြောပလောက်ပဲ ဖြစ်တယ်။ ဒါကြောင့် ဒီအသိဟာ လောကအိုမင်းမစွမ်း ဖြစ်နေတဲ့အဖြစ် အစရှိတာတွေအတွက် အသုံးမကျဘူး။ ဒီအသိတွေ ကိုယ်တိုင်ကပင် လောကရဲ့ အိုမင်းမစွမ်း အစရှိတဲ့ အဖြစ်တွေကို ဖြစ်စေနေတယ်လို့အထိ သိဒ္ဓတ္ထ သိသွားခဲ့တယ်။ ဒီအသိတွေကိုရဖို့ သိစိတ်တွေကို ရုပ်အာရုံတစ်ခုမှာ ထားရတယ်။ ဒီတော့ သိစိတ်တွေဟာ ဘာအလုပ်မှ မလုပ်ရတော့ဘူး။ ရုပ်သိတာပဲ လုပ်နေရတာကိုး ။ သိရတဲ့ရုပ်ရဲ့ ရှေ့တွေ နောက်တွေလည်း စိတ်ကမကူးရတော့ ဒီရုပ်ဟာ ဘာဖြစ်တယ်။ ဘာအသုံးကျတယ်ဆိုတာ မသိဖြစ်လာတယ်။ ဒီတော့ အသိကန်းလာတယ်။ ဒီလို အသိကန်းလို့တော့ လောကဟာ သင့်မြတ်မှု မဖြစ်နိုင်ဘူး။ အသိတရားကို ထူထောင်နိုင်မှ လောကဟာ သင့်မြတ်စရာရှိတယ်။ လူဟာ သာမာန်ကိစ္စကလေးတွေမှာပင် ပြီးစီးအောင်မြင်နိုင်ဖို့အတွက် အသိတရားတွေ ဖြန့်ကျက်ကြရတာဖြစ်တယ်။ အသိတရားနည်းရင် နည်းသလောက် လူစဉ်မမီတာဖြစ်ပြီး အသိတရားများရင် များသလေက် လူ့ရှေ့တန်းရောက်ကြတယ်။ ဒါကြောင့်လူဟာ အသိတွေ များထက်များဖြစ်အောင် ပတ်ဝန်းကျင်နှင့် ဆရာဂုရုထံက ပညာတွေ သင်ကြားနေကြရတယ်။ ဒါကြောင့် စိတ်မကူးမှုဖြစ်အောင် ရုပ်အာရုံ့တစ်ခုမှာ စိတ်ကိုထားတဲ့လုပ်ငန်းဟာ လူမှီဝဲဖို့ မသင့်မြတ်တဲ့အရာပဲ။ ကာမတရားကို မတိုးပွားအောင် မပွားသင့်သလို ရုပ်တရားကိုလည်း တိုးပွားအောင်မပွားရမှာပဲ ဖြစ်တယ်။ ဒီရှုပတရားပွားများမှုဟာ ကာမတရားပွားများမှုက လွတ်စေနိုင်လို့ ကောင်းတာတော့အမှန်ပဲ။ ကာမတရားပွားသူတွေ မရနိုင် မရောက်နိုင်တဲ့အဖြစ်တွေဆီ ရောက်ရတာမှန်ပေမယ့် လူဟာ ကာမတရားက လွတ်အောင် နေနိုင်တာနဲ့ လူလွတ်လပ်မှုကို သိတဲ့ ဥာဏ်ဖြစ်အောင် မတတ်နိုင်တာ တွေ့ရတယ်။

သိဒ္ဓတ္ထဟာ ဒီလိုတွေ တွေးလာတယ်။ စိတ်ကို ဒီလိုဖိနှိပ်ထားသူဟာ မတော်ဘူး။ စိတ်ကူးစိတ်သန်းကို ဖွင့်ထားမှ အသိဥာဏ်ပညာတရား ဖြစ်ပွားစရာရှိတယ်။ စိတ်ကိုဖွင့်ထားတဲ့ တရားကျင့်သူဟာ အာဠာရတို့ရှိတယ်။ သူတို့ဆီသွားပြီး နည်းနာခံရမှာပဲ။ သိဒ္ဓတ္ထဟာ အာဠာရထံ ဆည်းကပ်ခဲ့တယ်။ အာဠာရရဲ့ သင်ကြားချက်ဟာ နဂိုကနေခဲ့တာနဲ့တော့ တမျိုးတဖုံစီပဲ။ စိတ်ကို နည်းနည်းမှ ထိန်းဖို့ မလိုတော့ဘူး။ ပညာလည်း အတော်ပါတယ်။ မြင်မြင်သမျှ ကြားကြားသမျှ အစစ အာရုံရုပ်တွေ ရုပ်ခွဲရတာပဲ။ တကယ်သရုပ်ကွဲတဲ့အခါမှာ အာရုံရုပ်တွေဟာ အထည်ဒြပ်မဲ့တွေ ဖြစ်နေတာတွေ့ ရတယ်။ ဒီအာရုံ ရုပ်တွေကိုအထည်ဒြပ်ရှိတွေလို့ ထင်ခဲ့တာတွေဟာ မှားယွင်းချွတ်ချော်မှုတွေ ဖြစ်တယ်။ အာရုံရုပ်တွေကို အထည်ဒြပ်ရှိတွေထင်ပြီး လူတွေဟာ အာရုံရုပ်တွေနောက်ကို ကောက်ကောက် လိုက်နေကြတာပဲ။

ဗုဒ္ဓ (၃)

ဘုရားတောထွက်

သိဒ္ဓတ္ထဟာ ဆုံးဖြတ်ချက်တစ်ခုချပြီး နန်းတော်ကိုပြန်လာခဲ့တယ်။ ရစ်ပတ်လာတဲ့ ချစ်စရာနှောင်ကြိုး တစ်ခုရှိတုန်းမှာ လုပ်စရာ ရှိတာအတွက် ရုန်းမှပဲလို့။ သိဒ္ဓတ္ထဟာ နောက်နေ့ မကူးမီပဲ ဖွားဘက်တစ်ဦးနဲ့ အတူ မြင်းစီးပြီး နန်းတော်က ထွက်ခဲ့တယ်။ ကပိလ၀တ်မှ တောင်ဘက်အရပ် အနော်မာမြစ်ကို ဖြတ်ကူးပြီး အဲဒီသဲပြင်မှာပဲ ဆံမုတ်ဆိတ်ကို ပယ်ခဲ့တယ်။ အိုးထိန်းတစ်ယောက်ရဲ့ အကူနဲ့ သူတော်စင် အ၀တ်အဆင်ကို လဲဝတ်လိုက်တယ်။ ဖွားဘက်ကို ကပိလ၀တ်ကသိဖို့ ပြန်လွှတ်လိုက်တယ်။ သိဒ္ဓတ္ထဟာ လူမှုစံနစ်ရဲ့ သဘောဓမ္မ ရှာဖွေရာ၌ ရပ်တည်ချက်သုံးချက် ထားလိုက်တယ်။
၁။ သူရှာဖွေတွေ့ရှိတဲ့ အသိ တရားဟာ လူတိုင်းသိနိုင်တဲ့ အသိတရားဖြစ်ရမယ်။
၂။ သူရှာဖွေတွေ့ရှိတဲ့ အကျင့် တရားဟာ လူတိုင်းကျင့်နိုင်တဲ့ အကျင့်တရား ဖြစ်ရမယ်။
၃။ သူရှာဖွေရရှိတဲ့ လွပ်လပ်မှုဟာ လူတိုင်းလွတ်လပ်နိုင်တဲ့ လွတ်လပ်မှုမျိုး ဖြစ်ရမယ်။

သိဒ္ဓတ္ထဟာ အသိညဏ်ပညာများကို ပိတ်ဆို့ဟန့်တား ထားတဲ့ နိဝဏတရားတွေကို စိတ်မှာ အ၀င်မခံ ပယ်လှန်တဲ့အလုပ်ကို အားထုတ်နေတယ်။ အာရုံငါးပါး လိုလားမှုများ မဖြစ်ပွားဖို့ ၊ မကြောက်ရွံ့ဖို့၊ မထိုင်းမှိုင်းဖို့ ၊ မပြန့်လွှင့်ဖို့၊ မယုံမှားဖို့တွေပဲ။ ဒါတွေဖြစ်တာဟာ စိတ်ကူးအမျိုးမျိုးတွေနဲ့ ကာမသညာတွေ ပွားရာကပဲ။ ဒီကာမ သညာတွေ မဖြစ်အောင် ဆိုပြီး စိတ်ကို အကူးမခံဘဲ ထိန်းထားလိုက်တယ်။

ဗုဒ္ဓ (၂)

ဘုရားမွေးနှစ်
သိဒ္ဓတ္ထရဲ့မိဘနှစ်ပါးဟာ သိဒ္ဓတ္ထအမည်မှည့်ရမယ့် သားငယ်ကလေးကို သူတို့ရဲ့သကျမင်းနှစ်ခြောက်ဆယ့်ခုနှစ် ကဆုန်လပြည့်နေ့မှာမွေးဖွားပေးခဲ့ကြတယ်။ အခုသာသနာနှစ် မတိုင်မိ အနှစ်ရှစ်ဆယ်က ဖြစ်တယ်။ သိဒ္ဓတ္ထမိခင်ဟာ အသက်ငါးဆယ်ကျော်မှ ကိုယ်ဝန်ရပြီး သိဒ္ဓတ္ထကိုမွေးဖွားခဲ့တာဖြစ်တယ်။ သူ့ဇာတိတိုင်းပြည်အသွား နယ်ခြားတောထဲမှာ မွေးဖွားခဲ့တယ်။ မွေးဖွားပြီးမကြာမီပဲသိဒ္ဓတ္ထမိခင်ကွယ်လွန်တယ်။ သိဒ္ဓတ္ထကို သူ့မိခင်ရဲ့ညီမဂေါတမီက မွေးမြူခဲ့ရတယ်။ ဂေါတမီကလည်းသူ့ဖခင်ရဲ့မိန်းမပါပဲ။ သူ့မှာလည်း ကလေးနှစ်ယောက်ရှိတယ်။ သိဒ္ဓတ္ထရဲ့အစ်မနဲ့ညီပေါ့။ သိဒ္ဓတ္ထရဲ့ဖခင်ဟာ သိဒ္ဓတ္ထကို သူ့အရိုက်အရာကိုဆက်ခံမည့်သူအဖြစ် ကောင်းမွန်စွာစောက်ရှောက်ခဲ့တယ်။ သိဒ္ဓတ္ထအတွက် ပြဿာဒ်သုံးခုဆောက်ပေးခဲ့တယ်။ ဆောင်း၊ နွေ၊ မိုး မျှတဖို့တွေပေါ့။

ဘုရားလူလားမြောက်
သိဒ္ဓတ္ထဟာ အသက်တစ်ဆယ့်ခြောက်နှစ် ရောက်တဲ့အခါ ကောလိယမင်းရဲ့သမီးနှမ၀မ်းကွဲတော်သူ ယသော်ဓရာနှင့် ထိမ်းမြားခဲ့ပြီး အိမ်ရှေ့ဥပရာဇာအဖြစ် တိုင်းပြည်အုပ်ချုပ်ရေးကို ကိုင်တွယ်ရတယ်။

ဘုရားလောကငြီးငွေ့
သူ့အသက်အစိတ်ကျော်လောက်ရောက်တဲ့အခါ သူတို့အုပ်ချုပ်ရေးအောက်မှာ ရှိတဲ့ လူ့လောကကြီးမအောင်မမြင်ဖြစ်နေကြောင်း သိရှိလာခဲ့တယ်။ လူ့လောကဟာ အိုမင်းမစွမ်းဖြစ်နေခဲ့တယ်။ နာဖျားမကျန်းမာဖြစ်နေခဲ့တယ်။ အသက်မ၀င် မရှင်မသန်လည်းဖြစ်နေခဲ့တယ်။ ဒီလိုအိုနာသေနေတဲ့လူတွေကို အုပ်ချုပ်နေရတဲ့အတွက် ရှက်လည်းရှက်၊ ကြောက်လည်းကြောက် ဖြစ်နေခဲ့တယ်။ ဒီအဖြစ်ဟာသူ့ကိုမပျော်မွေ့နိုင်ခဲ့ပြီ။ ဒီလိုဖြစ်ပေမယ့် သူ့ဘ၀ဟာ နောက်ဆုတ်လို့မရအောင်ဖြစ်နေတာ တွေ့ရတယ်။ အာဏာရှိတဲ့သူ့ဘ၀ရဲ့ ရလာဒ်ဟာ မြေကြီးနဲ့ ရွှေထီးမဟုတ်လား။ သူရွှေထီးလွှတ်လို့ မြေကြီးဖြစ်လည်း လောကကလွတ်လပ်မှာမှမဟုတ်တာပဲကလား။

ဘုရားသံဝေဂ
ဘုရင်အုပ်ချုပ်မှုအောက်မှာရှိတဲ့ပြည်သူဟာဘယ်မှာလန်းဆန်း အသက်ဝင် ရှင်သန်နေတာမြင်နိုင်ပါ့မယ်လို့ သူမေးနေတယ်။ အုပ်ချုပ်သူက သူ့နေရာကိုလိုချင်သူတွေရဲ့ရန်ကို ကာကွယ်ဖို့အင်အားတွေ အများကြီးသုံးနေရပါလား။ ဒီအားတွေ ပြည်သူတွေဆီက ယူရတာဆိုတော့ ပြည်သူ့လုပ်အားဟာ သူတို့စားဝတ်နေရေး၊ ကျန်းမာပျော်ရွှင်ရေးတွေမှာ အနည်းအပါးပဲ အသုံးချနိုင်တော့တာကို ရှင်းရှင်းပဲမြင်နေရတယ်။ ဒါတွေဟာမတရားမှုတွေ ဖြစ်နေလိမ့်မယ်။ သူ့ဝန်းကျင်မှာရှိတဲ့ လောကရဲ့စံနစ်ကလည်း ဒီပုတ်ထဲက ဒီပဲတွေချည်း ဖြစ်နေတာတွေ့ရတယ်။ ဒီလောက်သွက်သွက်လည်အောင် ရူးနှမ်းနေတဲ့လောကကြီးကို ရှေ့သွားခေါင်းဆောင် လုပ်နေရတာအတွက် စက်ဆုတ်နှလုံးနာ ရင်မှာမချိဖြစ်ရတယ်။ ဂုဏ်သိရ်မဟုတ်တာ သူသိတယ်။ သိဒ္ဓတ္ထ အသက်နှစ်ဆယ့်ရှစ်နှစ်ထဲ ရောက်လာပြီး သူ့ကြင်ယာလည်း ကိုယ်ဝန်အရင့်အမာရခဲ့ပြီ။ သူလောကအပေါ် ငြင်းဆန်ငြီးငွေ့နေတာကိုဘာနဲ့မှ ဖျော်ဖြေလို့ မပျော်ဖြစ်နေခဲ့တယ်။ လူ့လွတ်လပ်တဲ့စနစ် ရှာဖို့အတွက် ရဟန်းအဖြစ်ကို အာရုံ့ပြင်မှာ မထင်အောင်မတတ်နိုင်ဖြစ်နေခဲ့ပြီ။ သိဒ္ဓတ္ထဟာ မြို့ပြရဲ့အပြင်ဘက်က သူတို့ပိုင်တောထဲမှာ လွတ်လွတ်လပ်လပ် အချိန်ဖြုန်းပြီး ငေးမောတွေးတောနေခဲ့တယ်။ ဒီအချိန်မှာ မင်းချင်းတစ်ယောက် သူ့ထံ ရောက်လာခဲ့တယ်။ သူ့ဆီကကြားရတဲ့သတင်းက အသျှင့်မိဖုရားမှာ သားတော်ကလေး ဖွားမြင်ပြီဆိုတဲ့ သတင်းပဲ။ ဒီသတင်းဟာ သူ့အကြံအစည်တွေကို အဟန့်အတားလိုဖြစ်ခဲ့ရတယ်။ ဒါကြောင့် ရာဟုဖမ်းသလိုဖြစ်ပြီလားလို့ နှုတ်မှ အသံမထွက်မိအောင် မတားတတ် ဖြစ်သွားခဲ့တယ်။ မင်းချင်းကိုပြန်လွှတ်လိုက်ပြီး သူလာမယ့်အကြောင်း မှာလိုက်တယ်။ မင်းချင်းပြန်ရောက်တဲ့အခါ ခမည်းတော်သုဒ္ဓေါဒနက မင်းချင်းကိုပြန်မေးတယ်။ ရာဟုလလို့ သားတော်နှုတ်ကထွက်သံကြားခဲ့ရကြောင်း ပြန်ပြေတယ်။ ဒီလိုဆိုရင် မြေးတော်ကလေးအမည်ကို “ရာဟုလ”လို့ တွင်စေရမယ်လို့ သုဒ္ဓေါဒန သတ်မှတ်ခဲ့တယ်။

ဗုဒ္ဓ (၁)

ဘုရားရဲ့ငယ်နာမည်
အဲဒီဘုရားဟာ မွေးဖွားစဉ်ကတည်းက ဘုရားအဖြစ် မွေးလာတာမဟုတ်ဘူး။ မွေးဖွားပြီး အသက်(၃၅)နှစ် ရတဲ့အခါမှ ဘုရားအဖြစ်ရသူဖြစ်တယ်။ သူမွေးဖွားစဉ်က လူမိဘနှစ်ပါးမှ လူကလေး တစ်ဦးပဲဖြစ်ခဲ့တယ်။ သူ့ရဲ့လူအမည်က သိဒ္ဓတ္ထပဲ။

ဘုရားမွေးမြေနဲ့ လူမျိုးနွယ်
သိဒ္ဓတ္ထဟာ အိန္ဒိယနိုင်ငံ ဟိမ၀န္တာတောင်တန်းကြီးရဲ့ တောင်ဘက် တောင်ခြေအနီးက တိုင်းပြည်ကလေးတစ်ခုမှာ မွေးဖွားခဲ့တယ်။ သိဒ္ဓတ္ထဟာ သကျလူမျိုးထဲက လူတစ်ယောက်ဖြစ်တယ်။ သကျလူတွေဟာ အဲဒီ ဟိမ၀န္တာတောင်တန်းကြီးရဲ့ အနီးက တောင်ခြေတစ်လျှောက် စီးဆင်းလာတဲ့ မြစ်ကလေးတစ်ခု ၀န်းကျင်မှာ မြို့ပြပြည်ရွာများတည်ပြီး နေကြတဲ့ပုံရှိတယ်။ သိဒ္ဓတ္ထမွေးဖွားတဲ့ တိုင်းပြည်ရဲ့ အမည်က ကပိလ၀တ္ထု ပဲ။ ကပိလ၀တ်လို့ ဗမာတွေကခေါ်ကြတယ်။

ဘုရားမိဘ
သကျလူမျိုးမှာ အနွယ်တွေလည်း ရှိသေးပုံရှိတယ်။ သိဒ္ဓတ္ထအနွယ်ကတော့ ဂေါတမ နွယ်ပဲ။ သိဒ္ဓတ္ထဖခင် သုဒ္ဓေါဒနက ဂေါတမနွယ်ဖြစ်တယ်။ သိဒ္ဓတ္ထရဲ့မိခင် မာယာကတော့ ကပိလ၀တ်ပြည်သူမဟုတ်ဘူး။ ကောလိယ ပြည်သူ သကျလူမျိုးပဲ။ သူ့မိဘနှစ်ပါးဟာ အချင်းချင်း ၀မ်းကွဲမောင်နှမ တော်စပ်သူများပဲ။

ကပိလဂုဏ်ရည်
ကပိလ၀တ္ထုပြည်ဟာ တိုင်းကြီးပြည်ကြီးတစ်ပြည်မဟုတ်ပေမယ့် အယူအဆရေးရာမှာ ထင်ရှားကျော်ကြားတဲ့ တိုင်းပြည်တစ်ပြည်ဖြစ်စရာရှိတယ်။ ကပိလ၀တ္ထုဆိုတဲ့ အတိုင်း ကပိလရဲ့ မြေနေရာ ဖြစ်ဟန်ရှိပါတယ်။ ကပိလရသေ့ကြီး တောကျောင်းနယ်ပယ်ဧရိယာဖြစ်တဲ့ တိုင်းပြည်ပေါ့။ ဒီနေ့ ဗမာပြည်က သာမညတို့ အလံတရာတို့လို တောကျောင်းမှာ လာရောက်ဆည်းကပ်မှီခိုကြသူတွေရဲ့ အိမ်စု၊ ကျေးရွာ၊ နယ်ပယ်၊ မြို့ပြဖြစ်သွားတဲ့ တိုင်းပြည်ဖြစ်ပုံ ရှိပါတယ်။ ပိလသဘောတရားနဲ့ လွှမ်းမိုးအုပ်ချုပ်တဲ့ တိုင်းပြည်ပေါ့ ။
သိဒ္ဓတ္ထမွေးဖွားချိန်မှာ အုပ်ချုပ်သူက သုဒ္ဓေါဒန ၊သဘောတရားရေးက ဒေ၀ိလဖြစ်နေတာ တွေ့ရတယ်။ ဒေ၀ိလဟာ ကပိလရဲ့ တပည့်အဆက်ပဲ ။ သုဒ္ဓေါဒနကတော့ ကပိလလက်ထက်က လူအစုကို အုပ်ချုပ်သူရဲ့ အဆက်ပဲဖြစ်ပါတယ် ။ ကပိလ ဖော်ထုတ်သွားတဲ့ ဒဿနဟာ သင်္ချပဲ။ ဒီဒဿနဟာ ဒီနေ့တော့ ဟိန္ဒူဒဿနဖြစ်နေတယ်။ ဒီဒဿနရဲ့ အရှိန်အ၀ါဟာ ဒီနေ့အထိ ထွန်းလင်းတောက်ပဆဲပဲ ရှိသေးတယ် ။ ဒီတော့ကပိလဟာ အနွယ်သစ်တစ်ခုဖြစ်ပြီပေါ့။ အဲဒါက အမြတ်ဆုံးအနွယ် ဆိုတဲ့ ဂေါတမပဲ။ ဂေါတမဟာ အမြတ်ဆုံးအနွယ်ဆိုတာရဲ့ အမည်ပဲ။ မွေးဖွားချိန်မှာ အုပ်ချုပ်သူက သုဒ္ဓေါဒန ၊ သဘောတရားရေးက ဒေ၀ိလဖြစ်နေတာ တွေ့ရတယ်။ ဒေ၀ိလဟာ ကပိလရဲ့ တပည့်အဆက်ပဲ ။ သုဒ္ဓေါဒနကတော့ ကပိလလက်ထက်က လူအစုကို အုပ်ချုပ်သူရဲ့ အဆက်ပဲဖြစ်ပါတယ် ။

Sunday, September 2, 2007

နိဒါန်း

ဘုရားသိဖို့လို
ဗုဒ္ဓဘာသာဝင်တို့ရဲ့ တရားဓမ္မဆိုင်ရား အရင်းအကျဆုံး လမ်းညွှန်ဆရာဟာ ဘုရားပဲဖြစ်တယ်။ ဘုရားဟာ လောကအား လွတ်လပ်မှုကို ဖော်ထုတ်ပေးခဲ့တယ်။ လွတ်လပ်မှုကို လိုလားကြတဲ့ ဗုဒ္ဓဘာသာဝင်များဟာ ဘုရားရဲ့ ဖော်ထုတ်ချက်တွေကို ဆည်းကပ်ကြရတယ်။ လွတ်လပ်မှုဖော်ထုတ်ချက်များဟာ ဆည်းကပ်သူများနှင့် အချိန်ကာလ နေရာဒေသနှင့် ဟောပြောသူ လူမျိုးအားဖြင့် အများကြီး ခြားခဲ့ပြီဖြစ်လို့ ဖော်ထုတ်ချက်ကို နားလည်နိုင်ရန် အတော်အတန်အထိ ပြည့်စုံအောင် လေ့လာရဖို့ရှိတယ်။ ဘုရားသက်ရှိထင်ရှားရှိစဉ်က တရားမြင်မှ သူ့ကိုမြင်မယ်လို့ ပြောခဲ့တယ်။ ဘုရား မရှိတာကြာပြီဖြစ်တဲ့ အခုအချိန်မှာ တရားသိဖို့က အခက်ဖြစ်နေခဲ့ပြီ။ တရားကို မှန်းကြည့်ပြီး သိနေခဲ့ရပြီ။ ဒီတော့ ဘုရားကိုလည်း မှန်းကြည့်ပြီးမှပဲ သိနေခဲ့ရပြီ။

ဘုရားပုံမှုန်ဝါးဝါး
ဒါကြောင့် ဘုရားပုံဟာ မှုန်ဝါးပြီး အမှားမှားအယွင်းယွင်း အချွတ်ချွတ် အချော်ချော်တွေ ဖြစ်ခဲ့ရပြီ ဖြစ်တယ်။ ဘုရားက ခေါင်းပေါ်မှာလည်းဆံထုံးကြီးနဲ့။ တချို့ဘုရားကျတော့ ဥသျှောင်တွေ၊ စလွယ်တွေ၊ လက်ကျပ်တွေ၊ ခါးစီးတွေ ၀တ်ထားလို့။ ဘုရားကိုယ်က ရောင်ခြည်တန်းတွေလည်း တ၀င်းဝင်း တလျှပ်လျှပ် ထွက်နေတယ်။ မြေလျှိုးမိုးပျံတွေလည်း ဘုရားကလုပ်လို့ရနေတယ်။ ဘုရား အရပ်အမောင်းကလည်း ဆယ့်ရှစ်တောင် ရှိတဲ့အထိဖြစ်တယ်။ ဘုရားဟာ တန်ခိုးမပြရဘူးဆိုတဲ့ သူချမှတ်တဲ့ စည်းကမ်းကို သူမလိုက်နာဘဲ တန်ခိုးပြပြီး နတ်ပြည်လည်းတက်အဘိဓမ္မာလည်း ဟောခဲ့တဲ့အထိ ရှိနေပြီ။ ဘုရားဟာ သတ္တ၀ါတွေကို ချွတ်လွှတ်ဖို့ရန် ခွေးတွေ၊၀က်တွေ၊နွားတွေလည်း ဖြစ်ခဲ့ဖူးတယ်။ သူတောင်းစား၊ အလုပ်သမား၊ မင်း၊ အမတ်တွေအဖြစ် တပြောင်းတပြန် ပြုလုပ်နေသူ ဖြစ်တယ်။ ဒီလို အစစတွေ ပေါင်းလိုက်ရင် ဘုရားဟာ သူသိဖူးတာနဲ့ ဆက်စပ်မရရင် ဘာသိလို့ ရမှာလဲ။

တရားမှုန်လို့ဘုရားမှုန်
ဘုရားဆီမှာ လူ့အသိနဲ့ ဆက်စပ်မရတာတွေ ရှိနေတယ်လို့ သိကြတာဟာ လူတွေတရားမှာ မှုန်ဝါးရာက ဖြစ်လာတဲ့ မှုန်ဝါးတဲ့ ဘုရားပုံတွေပဲဖြစ်တယ်။ ဒီနေ့တော့ ဒီပုံတွေက လူတွေကို လွှမ်းမိုးနေကြပြီ။ မှုန်ဝါးဝါး ဘုရားပုံတွေဟာ တရားလေ့လာသူတွေကို တရားအမှန်သိဖို့ရာ အနှောင့်အယှက်တွေ ဖြစ်စေလိမ့်မယ်။ မှုန်ဝါးဝါး ဘုရားရဲ့ ဟောကြားချက်ဟာ မှုန်ဝါးဝါးတရားပဲဖြစ်နေမှာပဲ။ မှုန်ဝါးဝါးတရားက လူတွေကို လွတ်လပ်ရာဆီ ဘယ်လိုသယ်မှာလဲ။

တရားပြောဖို့ဘုရားမှန်လို
ဒါကြောင့်လူတွေလွတ်လပ်ဖို့အတွက် တရားကိုပြောရမှာ ဖြစ်ပေမယ့် မှုန်မှုန်ဝါးဝါး တရားပြောလို့မဖြစ်ဘူး။ မှုန်မှုန်ဝါးဝါး တရားမပြောရင် လူတွေသိနေကြတဲ့ မှုန်ဝါးဝါးဘုရားက ကန့်ကွက်လိမ့်မယ်။ ဒါကြောင့် ဘုရားမပြောခင် မှုန်မှုန်ဝါးဝါး မဟုတ်တဲ့ဘုရားကို လက်ဦး ပြောရမှာဖြစ်တယ်။

ဘုရားဆိုတဲ့ဝေါဟာရ
ဘုရားအကြောင်းပြောတဲ့အခါမှာ ဘုရားဆိုတဲ့ အခေါ်ကစပြီး ပြောရမယ်။ ဘုရားကို ဘုရားလို့ခေါ်တာဟာ မြန်မာတွေက ခေါ်တာပဲ။ ကျန်တဲ့ ဗုဒ္ဓဘာသာတွေက ဘုရားကို ဘုရားလို့ ဘယ်သူကမှ မခေါ်ကြဘူး။ ပါဠိအဘိဓာန်မှာ လာတဲ့ ဘုရားရဲ့ ပရိယာယ်တွေထဲမှာ ဘုရားဆိုတာ မပါပါဘူး။ ဗမာတွေဟာ ရှေးအခါက ဘုရင်တွေကို ဘုရားလို့ ခေါ်ခဲ့ကြတဲ့ပုံ ရှိတယ်။အဓိပ္ပာယ်ကတော့ ခေါင်းဆောင်ရှေ့သွား ဖြစ်သူလို့ ရမှာပါ။ ဘုရင်ဟာ သူတို့ရဲ့ ရှေ့သွားခေါင်းဆောင်ဆိုတော့ ဘုရင်ကို ဘုရား ခေါ်တာဟာ မသင့်မြတ်တာ မဟုတ်ဘူး။ ဘုရားဟာ ဘုရင်တွေရဲ့ ရှေ့သွားခေါင်းဆောင်ပင်ဖြစ်တာကြောင့် ဘုရားကိုလည်း ဘုရားလို့ပဲ ခေါ်တော့တာပေါ့။

ဒီဝေါဟာရဟာ ဟိန္ဒူတွေဆီကရကြတာထင်ပါတယ်။ ပုဂံကျောက်စာတွေထဲမှာ ဘုရားကို ဒီနေ့အသံနဲ့ ခေါ်တာ မဟုတ်ဘူး ။ ပုရှားလို့ခေါ်တယ်။ ပုရုရှက ပြောင်းလာတဲ့ စကား ဖြစ်တယ်။ ပုရှဟာ ပုရိသနှင့် အနက်တူသဒ္ဒါပဲ။ ပုရှက ဘုရားဖြစ်လာတယ်။ ဘုရားလက်ထက်က ဘုရားဝေါဟာရ ဘုရားလက်ထက်ကတော့ ဘုရားကို ရဟန်းတွေက သတ္ထာတို့ ဘဂ၀ါတို့နဲ့ ခေါ်ကြပုံရှိတယ်။ သာသနာပက ပုဂ္ဂိုလ်တွေကတော့ သမဏာဂေါတမလို့ခေါ်ကြတယ်။ ဒီနေ့ ကမ္ဘာအနှံ့ နှိင်ငံတကာကတော့ ဗုဒ္ဓတို့ သကျမုနိတို့ ခေါ်ကြတယ်လို့ သိရတယ်။

ကျေးဇူးတင်လွာ

ဓမ္မ၀ိဟာရီ ရှင်ဥာဏရေးသားတဲ့ “ဘုရား” စာအုပ်လေးကို ဒီကနေ အစအဆုံး မျှဝေသွားဖို့ပါ။ ဒီစာအုပ်ကို ပထမဆုံး နေးတစ်မြန်မာဖိုရမ်ရဲ့ ဘာသာရေး ခေါင်းစဉ်အောက်မှာ BUDDHA ဆိုတဲ့ အမည်နဲ့ ကိုထက်အောင်ကနေ စာရိုက်ပြီး တင်ပေးခဲ့တာ ဖြစ်ပါတယ်။ ပြီး အဲဒီအထဲက ပို့စ်အားလုံးကို ကူးယူပြီး ကိုအန်ဝိုင်စီဘွိုင်းက ပီဒီအက်ဖ်ဖိုင် လုပ်ပေးပါတယ်။ အခု ပို့စ်အားလုံးကိုတော့ ကိုအန်ဝိုင်စီဘွိုင်းရဲ့ ပီဒီအက်ဖ်ဖိုင်မူထဲကနေ တစ်ဆင့်ကူးပြီး ဖော်ပြသွားမှာပါ။ ၀င်းကလောကနေ ဇော်ဂျီကိုတော့ ကိုညီလင်းဆက် စုစည်းထားတဲ့ မြန်မာဘလော့ဂ်လမ်းညွန်ထဲက ကို Lil Master ရဲ့ Font Converter နဲ့ ပြောင်းယူ ပါတယ်။

ဒီ “ဘုရား” စာအုပ်ကို အခုလို ဘလော့ဂ်ထဲမှာ လွယ်လွယ်ကူကူ ဖတ်ရှုနိုင်အောင်အထိ ပါဝင် လုပ်ဆောင်ပေးခဲ့ကြတဲ့ မူလကျမ်းပြုဆရာတော်အပါအ၀င် ကိုထက်အောင်၊ ကိုအန်ဝိုင်စီဘွိုင်း၊ ကိုညီလင်းဆက်၊ ကို Lil Master တို့ အားလုံးကို ကျေးဇူးတင်ပါကြောင်း စာဖတ်သူများ ကိုယ်စား ပြောပါရစေ...။

သယံဝသီ